Monday, June 20, 2011

ဟေး၏ ရခိုင်တရုတ် မီးရထားလမ်း ဖေါက်လုပ်ရေး ကြိုးပမ်းမှု

ဟေး၏ ရခိုင်တရုတ် မီးရထားလမ်း ဖေါက်လုပ်ရေး ကြိုးပမ်းမှု
ဘင်္ဂလားပင်လယ်အော် အရှေ့ဘက်နှင့် ရိုးမတောင်အကြားရှိ ဒေသမှာ ရခိုင်ကမ်းမြောင်ဒေသ ဖြစ်သည်။ ယင်းဒေသသည် မြောက်ဘက်တွင် ကျယ်ပြန့် ပြိး တောင်ဘက်သို့  ကျဉ်းမြောင်းသွားသည်။ မြောက်မှတောင်သို့  သွယ်တန်းနေသည့်  ကမ်းမြောင်ဒေသဖြစ်သည်။ မိုးများပြိး သစ်တောထူထပ်သည်။ မြစ်ချောင်းပွားများပြိး ရေစီးသန်သည်။ ကန်းရိုးတန်းတစ်လျှောက် ကျောက်ဆောင်များသည်။ တောင်ကုန်းတောင်တန်းများသည် ခရီးသွားလာရေးကို ခက်ခဲစေသည်။
ယင်းတို့ မှာ ရခိုင်ကမ်းမြောင်ဒေသ၏ သဘာဝ အခက်အခဲများဖြစ်သည်။ ရခိုင်ဒေသ လမ်းပန်းဆက်သွယ်ရေးမှာ လမ်းပန်းဆက်သွယ်ရေးမှာ သဘာဝအခက်အခဲများကြောင့် မဖြစ်ထွန်းနိုင်ကြောင်း အစဉ်တစိုက် ပြောဆိုခဲ့ကြသည်။ ယင်းတို့ မှာ အုပ်ချုပ်သူ လူတန်းစားများ၏ လက်သုံးစကားဖြစ်ခဲ့သည်။ နှောင်းလူများကလည်း သံယောင်လိုက်၍ စကားဆိုကြသည်။
သို့ ရာတွင် Old Arakan အမည်ခံ သတင်းစာဆရာဟေးသည် စစ်တွေမှ မန္တလေးကိုဖြတ်ပြိး တရုတ်ပြည်အထိ မီးရထားလမ်း ဖောက်လုပ်ရေးကိစ္စကို သတင်းစာမှလည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြ၍လည်းကောင်း အထူးအလေးပေးပြီး ကြိုးပမ်းခဲ့သူတစ်ဦး ဖြစ်သည်။
ဟေးအသူလဲ
ဟေးအမည်၏ အပြည့်အစုံမှာ John Ogilvy Hay, F.R.G.S ဖြစ်သည်။ ဟေးသည် ၁၈၇၀-ခု မတိုင်မီ သို့ မဟုတ် ယင်းပတ်ဝန်းကျင်လောက်တွင် ရခိုင်သို့  ရောက်ရှိလာသူဖြစ်သည်။ စစ်တွေမြို့ တွင် (၇) နှစ်ကျော် (၈)နှစ်နီးပါးခန့် နေထိုင်ခဲ့သူဖြစ်သည်။ စစ်တွေမြို့ တွင်နေစဉ် ၁၈၅၃-ခုနှစ်ထုတ် Akyab Commercial News သတင်းစာတိုက်ကို ဝယ်ယူပြီး Arakan News သတင်းစာအဖြစ် အမည်ပြောင်းပြီး ဥိးစီးထုတ်ဝေခဲ့သူ ဖြစ်သည်။ ယင်းသတင်းစာတွင် “ရခိုင်ဝါကြီး” Old Arakan အမည်ဖြင့် ဆောင်းပါးများကို ရေးသားသည်။ ယင်း Old Arakan အမည်ဖြင့် အင်္ဂလန်သို့ ရောက်ရှိပြီးနောက်မှာလည်း သတင်းစာများတွင် ရေးသားသည်ကို တွေ့ ရသည်။
စစ်တွေမြို့ တွင် နေထိုင်စဉ် ဂုဏ်ထူးဆောင် တရားမ တရားသူကြီး Honorary Magistrate of the Town Of Akyab အဖြစ် ထမ်းဆောင်ခဲ့သည်။
ဟေးသည် ရခိုင်တွင် (၇) နှစ် (၈) နှစ်ခန့် နေထိုင်စဉ်အတွင်း ရခိုင်ဒေသတွင် လမ်းပန်းဆက်သွယ်ရေး အထူးညံ့ဖျင်းနေသည်ကို မျက်မြင်ကိုယ်တွေ့  တွေ့ ခဲ့ရသူဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး အတွက် သတင်းစာသမားတစ်ဦးပီပီ မိမိပိုင်သည့် Arakan News သတင်းစာမှ ဆောင်းပါးများကို အလေးပေးရေးသားခဲ့သူဖြစ်သည်။ အထူးသဖြင့် စစ်တွေမြို့ သည် ဆိပ်ကမ်းကောင်းတစ်ခုဖြစ်ကြောင်း ရခိုင်မှမန္တလေးကိုဖြတ်ပြီး တရုတ်ပြည်အထိ မီးရထားလမ်း( Indo Burma China Railway Connection ) ဖောက်လုပ်ရေး ဆောင်းပါးများကို ရေးသားသည်။
ဟေးသည် ၁၈၈၈-ခုလောက်တွင် အင်္ဂလန်ပြည်သို့  ပြန်လည်ရောက်ရှိသည်။ အင်္ဂလန်မှာလည်း စစ်တွေမှ မန္တလေးကိုဖြတ်ပြီး တရုတ်ပြည်သို့  မီးရထားလမ်းဖောက်လုပ်ရေးကိစ္စအတွက် သက်ဆိုင်ရာအာဏာပိုင်များထံသို့  စာအားဖြင့်လည်းကောင်း၊ သတင်းစာမှ လည်းကောင်း၊ လူကိုယ်တိုင် ချဉ်းကပ်၍လည်းကောင်း ကြိုးပမ်းခဲ့သူဖြစ်သည်။
ဟေးသည် ရခိုင်မှ တရုတ်ပြည်အထိ မီးရထားလမ်းဖောက်လုပ်ရေး အတွက် ကြိုးပမ်းရာတွင် ရခိုင်တိုင်းမင်းကြိးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကို အင်္ဂလိပ်များ တတိယအကြိမ် သိမ်းပိုက်ရာတွင် နိုင်ငံရေးအရာရှိချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ စလေဒင် (Sir E.B, Sladon Knight Codonel)နှင့် အင်ဂျင်နီယာချုပ်နှင့် မြန်မာနိုင်ငံ၏ မဟာဝန်ရှင်တော်မင်းကြီး၏ ပြည်သူ့ လုပ်ငန်းဌာန အတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီး အလက်ဇန္ဒား ဖရေဇာ (General Alexander Fraser) စသည့် ပုဂ္ဂိုလ်များ၏ အားတက်သရော ကူညီမှုကို ရခဲ့သူဖြစ်သည်။ ယင်းပုဂ္ဂိုလ်တို့ မှာ ဟေးနှင့်ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးသူများဖြစ်ကြသည်။
ဟေး၏ဆောင်းပါးများနှင့် သူ၏ဆောင်ရွက်ချက်များကို လေ့လာပါက “ယူနီယံဂျက် အလံအောက်တွင် ရခိုင်ပြည်ကို တိုးတက်စေလိုသူတစ်ဥိး” ဖြစ်ကြောင်း တွေ့ ရသည်။ သူ၏ စွမ်းဆောင်ချက်များသည် အုပ်စိုးသူဗြိတိသျှလူမျိုးတစ်ဦး၏အမြင်ဖြင့် တင်ပြချက်များဖြစ်သည်။ အုပ်စိုးသူဗြိတိသျှလူမျိုးတစ်ဦးအဖြစ်ဖြင့် ကြိုးပမ်းချက်များဖြစ်သည်။
သို့ ရာတွင် သူ၏တင်ပြချက်၊ ကြိုးပမ်းချက်များသည် ရခိုင်သမိုင်းတွင် မှတ်တမ်းတင်ထားရမည့် ကိစ္စတစ်ရပ် ဖြစ်ပေသည်။
ရခိုင် အတိတ်-ပစ္စုပ္ပန်-အနာဂတ်
ဟေးသည် ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေးအတွက် အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ရေကြောင်း လမ်းအခြေအနေ၊ စစ်တကောင်းနှင့် ရခိုင်ဒေသရှိ လူဦးရေ အခြေအနေများကို စေ့စုံစွာလေ့လာသည်။ သက်ဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်များ၊ စစ်ရေးအာဏာပိုင်များ ငွေကြေးအတွက် ကုမ္ပဏီပိုင်ရှင်များ၊ ရေကြောင်းကျွမ်းကျင်သူများကိုလည်း တရုတ်မီးရထားလမ်းဖောက်လုပ်ရေးအတွက် စာအားဖြင့်လည်းကောင်း၊ လူကိုယ်တိုင် သွားရောက်၍လည်းကောင်း လူတွေ့ ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
ဟေးသည် သူ့ ကိုယ်ပိုင် Arakan News သတင်းစာမှ ၁၈၇၆-ခု၊ နိုဝင်ဘာ(၄)ရက်မှ ၁၈၇၇-ခု၊ နိုဝင်ဘာ(၂၄)ရက်အတွင်း ရခိုင်တရုတ်မီးရထားလမ်းဖောက်လုပ်ရေးအတွက် ဆောင်းပါး (၁၂) စောင်ကို ရေးသားဖော်ပြခဲ့သည်။
ယင်းအပြင် အခြားသတင်းစာများဖြစ်သော Times, Indian Stateman, The Pioneer Mail, The Spector, Saturday Review သတင်းစာများ၏ သတင်းများကို ကိုးကား၍လည်းကောင်း၊ အယ်ဒီတာထံ ပေးစာများဖြင့်လည်းကောင်း ရေးသားခဲ့သည်။
ဗြိတိသျှဝန်ကြိးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ အိန္ဒီယနိုင်ငံ၏ အတွင်းဝန်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ The Marquis of Salisbury K.G ထံသို့ လည်းကောင်း၊ အိန္ဒိယနိုင်ငံ အတွင်းဝန် Viscount Cross G.C.B ထံသို့ လည်းကောင်း၊ အိန္ဒိယနိုင်ငံဘုရင်ခံချုပ် The Marquis of Lansdowne G.C.S.L ထံသို့ လည်းကောင်း စာအတန်တန်ဆက်သွယ်၍ ရခိုင်တရုတ် မီးရထားလမ်း ဖောက်လုပ်ရေး အခြေအနေများကို တင်ပြအစီရင်ခံခဲ့သည်။ လူကိုယ်တိုင်လည်း တွေ့ ဆုံတင်ပြနိုင်ရေးအတွက် လန်ဒန်မြို့ တွင် ၁၈၈၇-ခု၊ စက်တင်ဘာလ (၁၇) ရက်နေ့ က စာရေးသားပြီး တွေ့ ဆုံခွင့်တောင်းခံခဲ့သည်။ ယင်းပုဂ္ဂိုလ်များထံမှ စာရရှိကြောင်း ပြန်ကြားစာရရှိသော်လည်း တွေ့ ဆုံခွင့်မရရှိပါ။
ယင်းအပြင် အင်္ဂလန်နိုင်ငံ မြို့ ကြီးများဖြစ်သော လီဘာပူး၊ ဟူးလ်၊ မန်ချက်စတာ မြို့ များရှိ ကုန်သည်ကြီးများ အသင်းတို့ ထံသို့ လည်း ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေးကိစ္စ စာရေးသားဆက်သွယ်၍ သဘောထားများကို မေးမြန်းခဲ့သည်။
ယင်းအပြင် ဟေးသည် အင်္ဂလန်ရှိ ရေတပ်ဦးစီးချုပ်နှင့် ပါလီမန်အမတ်ဖြစ်သူ Lord George Hamilton M.P.Ist. Lord of Admiralty ထံ အဆိုပါကိစ္စနှင့် လူကိုယ်တိုင် တွေ့ ဆုံခွင့်ကို ၁၈၉၀-ခု၊ ဇန်နဝါရီလ (၂၅)ရက်နေ့ က တောင်းခံခဲ့သည်။ သို့ ရာတွင် ယင်းပုဂ္ဂိုလ်ကိုယ်တိုင် မတွေ့ ဆုံနိုင်ခဲ့သော်လည်း သူ့ ကိုယ်စား ဗိုလ်ကြိး ဘရေး(ဒ်) Captain Bridge R,N. The Director of Nawal Intellligeace ဆိုသူနှင့် တွေ့ ဆုံခွင့် ရရှိခဲ့သည်။ ယင်းအပြင် ဟေးသည် သူ၏ သဘောထားများကို စာအားဖြင့် ၁၈၉၀-ခု၊ ဖေဖော်ဝါရီ (၄)ရက်နေ့ တွင် အဆိုပါ ဗိုလ်ကြိးထံသို့ ရေးသားပေးပို့ ခဲ့သည်။
ယင်းအပြင် ၁၈၇၆-ခု၊ မေလ (၁)ရက်မှ ၁၈၇၄-ခု၊ သြဂုတ်လ(၄)ရက်နေ့ အထိ ဘင်္ဂလားပင်လယ်အော်အတွင်း အထူးသဖြင့် စစ်တကောင်းနှင့် စစ်တွေမြို့ များတွင် ပင်လယ်ကူးသင်္ဘော မာလိန်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ( Captain James Ewert, for Mary years commander of a British India Company, Steomer in the Bay of Bengal ) ထံမှ စစ်တွေသင်္ဘောဆိပ်သည် စစ်တကောင်းထက် ကောင်းမွန်သေ သင်္ဘောဆိပ်ကောင်းတစ်ခုဖြစ်ကြောင်း သဘောထားမှတ်ချက်ကို ရယူခဲ့သည်။
အင်္ဂလန်ပါလီမန်အမတ်များထံသို့ လည်း ၁၈၉၁-ခု၊ သြဂုတ်လအတွင်းက ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေးကိစ္စအတွက်ပါလီမန်တွင် တင်ပြဆွေးနွေးနိုင်ရန် စာများကို ဖြန့် ဝေခဲ့သည်။
ယင်းအပြင် ထင်ရှားသည့် လော့ဒ်ဒါဖရင့် (Lord Dufferin) စလေဒင်၊ ဖရေဇာ စသည်တို့ အပြင် စီးပွားရေးဘက်မှ ပုဂ္ဂိုလ်များ၊ အတတ်ပညာရှင်များထံမှ သဘောထားများကို ရယူနိုင်ခဲ့သည်။
ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်း ဖောက်လုပ်ရေးအတွက် ရခိုင်တွင် ရှိစဉ်ကလည်းကောင်း၊ အင်္ဂလန်သို့  ပြန်ရောက်စဉ်ကလည်းကောင်း သူ၏ဆောင်ရွက်ချက်များကို စုပေါင်းပြီး စာအုပ်တစ်အုပ် ထုတ်ဝေရန် စီစဉ်ခဲ့သည်။
၁၈၉၂-ခု၊ မတ်လ(၉)ရက်နေ့ စွဲဖြင့် လန်ဒန်ရှိ အိန္ဒိယနိုင်ငံ အတွင်းဝန်ရုံးသို့  ရခိုင်-တရုတ် မီးရထားလမ်း ဖောက်လုပ်ရေးကိစ္စနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို စာအုပ်ထုတ်ဝေလိုကြောင်း ခွင့်ပြုချက်ကို ဟေးကတောင်းခံသည်။ ၁၈၉၂-ခု၊ မတ်လ(၂၃)ရက်နေ့ စွဲဖြင့် ယင်းရုံးမှ သဘောတူညီချက်ကို ရရှိခဲ့သည်။ ယင်းကြောင့် ၁၈၉၂-ခု၊ မေလတွင် William Blackwood and sons, Edinburgh and London) ပုံနှိပ်တိုက်မှ ရခိုင်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်(Arakan Past present future) စာအုပ်ကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။
ယင်းစာအုပ်တွင် ရခိုင်ဒေသသို့  ဟေးမရောက်မီက အခြေအနေ၊ ရောက်ရှိပြီးအခြေအနေနှင့် အနာဂါတ်ကာလ ဟေးမျှော်မှန်းခဲ့သော ရခိုင်ပြည်အခြေအနေများကို စေ့စုံစွာ တင်ပြထားသည်။
ဆိပ်ကမ်းကောင်းမြို့ စစ်တွေ
စစ်တွေမြို့ သည် ပထမအင်္ဂလိပ်မြန်မာစစ်ပွဲပြိးသည့်နောက် တည်ထောင်သောမြို့ ဖြစ်သည်။ ၁၈၇၀-ခု၊ ဇူလိုင်လ (၇)ရက်နေ့ ထုတ် Arakan News တွင် Old Arakan အမည်ခံ ဟေးက ရခိုင်တိုင်းမင်းကြိးဟောင်း Sir Archibald Bogle ၏မလျော့သော ဇွဲလုံလကြောင့် ရခိုင်ဒေသ၏ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်းမှာ တိုးတက်လာကြောင်းဖြင့် ယင်းပုဂ္ဂိုလ်အား ချိးကျူးရေးသားထားသည်။ ဆန်စပါးလုပ်ငန်း နှစ်စဉ်တစ်ဟုန်ထိုး တိုးတက်လာသဖြင့် စစ်တွေမြို့ သည် ဆန်စပါးလုပ်ငန်း၏ အချက်အချာကျသော မြို့ တစ်မြို့ ဖြစ်လာသည်။ အနှစ် နှစ်ဆယ်တိုင် အသုံးပြုသွားလာရသဖြင့် စစ်တွေမြို့ သည် လီဘာပူးသင်္ဘောပိုင်ရှင်များ၏ သိရှိမှုများလာသည်ဟု ဟေးက လီဘာပူး ကုန်သည်များအသင်းသို့  ၁၈၇၄-ခု၊ ဇူလိုင်လ (၂၇)ရက် ရက်စွဲဖြင့် ပေးပို့ သည့် စာတွင်ဖော်ပြထားသည်။
ရှေးက သင်္ဘောမာလိန်မှူးများ၊ ရေကြောင်းအာမခံလုပ်ငန်းရှင်များသည် စစ်တွေသို့  သွားလမ်းတွင်ရှိသော အွိုင့်စတာ Oyster Reef ကျောက်တန်းမှာ တွေးကြောက်စရာ ဖြစ်ခဲ့သည်။ ဆာအာသာဖယ်ယာ၏ စီစဉ်ညွှန်ကြားမှုကြောင့် အွိုင်စတာကျောက်ဆောင်ပေါ်တွင် အလှမ်းဝေးသည့် နေရာများမှပင် မီးရောင်ကိုမြင်နိုင်သော မီးပြတိုက်ကို နှစ်အတန်ကြာကပင် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။ ယင်းမီးပြတိုက်ကြောင့် စစ်တွေသို့ သွားလာနေကျ သင်္ဘောများသာမက ကာလကတ္တားမြို့ နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း သွားလာနေသည့် သင်္ဘောများအတွက်လည်း မခန့် မှန်းနိုင်သော အကျိုးအမြတ်များကို ဖြစ်ထွန်းစေနိုင်ကြောင်းဖြင့် ယင်းစာတွင် ဆက်လက်ဖေါ်ပြထားသည်။
စစ်တွေမြို့ သည် ရခိုင်မြစ်ဝမှ ငါးမိုင်အကွာတွက်တည်ရှိသည်။ ရန်ကုန်မြို့ သည် မုတ္တမပင်လယ်ကွေ့ ထိပ်တွင်တည်ရှိသည့် ရှည်ညောင်းသော ခရီးသွားလာမှုဖြစ်သည်။ မိုင် (၃၀) ခန့် မြစ်ကြောင်းအတိုင်းဆန်တက်ရသည်။ သင်္ဘောများသွားလာရာမှာ ဘေးအန္တရာယ်များသော အကျိုးဆက်များသည် ရန်ကုန်သို့ သွားရာမှာ ဖြစ်ထွန်းနိုင်ကြောင်းကိုလည်း အဆိုပါစာတွင်ဖော်ပြထားသည်။
စစ်တွေမှ မန္တလေးမှာ မိုင်(၁၀၀)ပင်မဝေး။ တရုတ်ပြည်နှင့် မြန်မာပြည်တို့ မှ ထွက်သောထွက်ကုန်များ၏ ထွက်ပေါက်ဖြစ်သည်။ အင်္ဂလိပ်ပစ္စည်းထုတ်လုပ်သူများ၏ ပင်လယ်ရေလက်ကြားမှာ စစ်တွေဖြစ်သည်။ အစ,ပထမဆောက်လုပ်ရေးအတွက် ကုန်ကျစရိတ်များမည်။ သို့ ရာတွင် တိုတောင်းသောခရီးနှင့် ကူးသန်းရောင်းဝယ်မှုများ ဖြစ်ထွန်းလာမှုကြောင့် ယင်းကုန်ကျစရိတ်များမှာ မကြာမီထေမိမည်ဖြစ်သည်ဟု ဟေးက စစ်တွေဆိပ်ကမ်းမှ မန္တလေး တရုတ်ပြည်အထိ မီးရထားလမ်းဖောက်လုပ်ခြင်း အကျိုးအမြတ်ကို ဖော်ပြထားသည်။
ဘင်္ဂလားပင်လယ်အော်ရှိ စစ်တွေမြို့ ကိုဖြတ်ပြီးဖောက်လုပ်သော မီးရထားလမ်းသည် မဟာဗျူဟာအရလည်းကောင်း၊ အုပ်ချုပ်ရေးအရလည်းကောင်း ကျွန်ပ်တို့ အတွက် သန်းပေါင်းများစွာ အကျိုးရှိမည်ဖြစ်သည်။ ငြိမ်းချမ်းမှုကို အထောက်အကူပြုမည်ဖြစ်သည်။ နယ်စွန်နယ်ဖျားဒေသများရှိ လူများ၏ ဝင်ရောက်စွတ်ဖက်မှုများလည်း မရှိနိုင်တော့ပါဟု ဟေး၏မိတ်ဆွေစလေဒင်က စစ်တွေကိုဖြတ်ပြီး ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကိစ္စကို အလေးပေးထောက်ခံထားသည်။
ယင်းအပြင် ဟေးသည် ဗြိတိသျှ-အိန္ဒိယ သင်္ဘောကုမ္ပဏီတွင် မာလိန်မှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဂျီအီးဝတ်၏ စစ်တွေဆိပ်ကမ်းသည် ဘင်္ဂလားပင်လယ်အော်ရှိ ဆိပ်ကမ်းမြို့ များအနက် ကောင်းမွန်သော ဆိပ်ကမ်းကောင်းတခုဖြစ်ကြောင်း သဘောထားမှတ်ချက်ကို ရယူပြီး သက်ဆိုင်ရာများသို့ တင်ပြခဲ့သည်။
အပယ်ခံ ရခိုင်ပြည်
ဟေးသည် ရခိုင်တွင် လကျူးနှစ်ရှည် နေခဲ့သူဖြစ်သည်။ ရခိုင်ဒေသနှင့် ဆက်ဆံခဲ့ရသည်မှာ အနှစ် နှစ်ဆယ်ခန့် ရှိသည်။ ရခိုင်ကို သံယောဇဉ်ကြီးသူမျက်နှာဖြူ လူမျိုးတစ်ဥိးဖြစ်သည်။ ယူနီယံဂျက်အလံအောက်တွင် ရခိုင်ကို တိုးတက်စေလိုသူတစ်ဥိးဖြစ်သည်။ ရခိုင်ဒေသကို အုပ်စိုးသူများ၏ ပစ်ပယ်ထားသည့်ဒေသအဖြစ် ဟေးကမြင်သည်။ အုပ်စိုးသူများ၏ ဝန်ခံချက်၊ ထင်မြင်ချက်များကို ဟေးသည် ရခိုင်-တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကြိုးပမ်းချက်များတွင် အလျဉ်းသင့်သလို ဖော်ပြထားသည်။ သူ၏ ရခိုင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စာအုပ်မှာလည်း ယင်းတို့ ကို ဖော်ပြထားသည်ကို တွေ့ ရသည်။
၁၈၆၇-ခုမှ ၁၈၇၁-ခုအထိ မဟာဝန်ရှင်တော်မင်းကြီးအဖြစ် ဆောင်ရွတ်ခဲ့သူ ဗိုလ်ချုပ်ကြီးဖိုက် (General Fytche)က သူအငြိမ်းစားယူပြီးနောက် ရေးသားခဲ့သည့်စာတွင် ကျွန်ပ်တို့ ခေတ်တွင် လမ်းပမ်းဆက်သွယ်ရေး ခေတ်နောက်ကျနေမှုမှာ ကျွန်ပ်တို့ အတွက်ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ရပ် ဖြစ်သည်။ တိုင်းနှစ်တိုင်းဖြစ်သော ရခိုင်နှင့်တနင်္သာရီတို့ ကို သိမ်းယူခဲ့သည်မှာ နှစ်ပေါင်း (၄၅)နှစ်ရှိပြီး ပဲခူးတိုင်းသည် (၁၈)နှစ်ရှိပြီးဖြစ်သည်။ ရခိုင်မှာ လမ်းတစ်လမ်းမျှမရှိသေးပေ။ မပြီးပြတ်သေးသော ဒက္ကား-စစ်တတောင်းလမ်းကို ခြွင်းချက်ထားရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။
ဒက္ကားစစ်တကောင်းမှ စစ်တွေသို့ ဆက်သွယ်မည့်လမ်းမှာ စစ်တကောင်းမှ ဒက္ကားအထိ မိုင်(၆၀)ခန့်  ပြီးခဲ့သည်။ ယင်းလမ်းမှာ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် လော့ဒါလဟိုဇီ အမိန့် အရ ဖောက်လုပ်ခဲ့သည့် လမ်းဖြစ်သည်။ သိန်းပေါင်းမြောက်မြားစွာ ကုန်ကျခဲ့သော အဆိုပါလမ်းမှာ ယခုအခါ တောကြီးမျက်မည်း ဖြစ်နေသည်။ ယင်းကိစ္စကို ဟေးက ထောက်ပြထားသည်။
“စစ်တွေခရိုင်၏ လမ်းပန်းဆက်သွယ်ရေးမှာ မပြီးမပြည့်စုံမှုနှင့် အလွန် မကျေနပ်မှရှိသော အခြေအနေဖြစ်သည်။ လမ်းပန်းဆက်သွယ်မှုချွတ်ယွင်းသော်ငြားလည်း မိုင်အနည်းငယ်မျှသာ ဝေးသော တိုက်နယ်များသို့  ခရိုင်အရာရှိများ ကြည့်ရှုစစ်ဆေးရန် မလာရောက်သည်ကို ကျွန်ပ်အနေဖြင့် နားမလည်နိုင်အောင်ဖြစ်မိသည်။ စစ်တွေမြို့ သည် ကျွန်ပ်တို့ ထံတွင် နှစ်ပေါင်း(၆၀)ရှိပြီဖြစ်သည်။ ယင်းကာလအတွင်း ကျွန်ပ်တို့ သည် အခွန်ကောက်များကို မြန်မာပြည်ရှိ အခြားဒေသများထက် ပိုမိုကောက်ခံခဲ့သည်။ သို့ ရာတွင် တစ်စုံတစ်ဥိးသည် ယင်းဒေသအနှံ့ သွားရောက်ပါက ထိုဒေသရှိ ပြည်သူလူထုတိုးတက်မှုအတွက် တစ်ပြားတစ်ချပ်မျှ သုံးစွဲထားသည့် အနေအထားကို တွေ့ ရမည်မဟုတ်ပေ”ဟု Adamson’s Settlement Report on Akyab District for 1885-86 ကို ကိုးကားဖော်ပြထားပြီး အပယ်ခံရခိုင်ပြည်အဖြစ် ဟေးက သက်သေထူခဲ့သည်။
ယင်းအပြင် ၁၈၉၁-ခု၊ ဖေဖော်ဝါရီလ (၂)ရက်နေ့ ထုတ် Times သတင်းစာတွင်လည်း ယင်း(စစ်တွေခရိုင်)တွင် လမ်းမှာ မိုင်(၄၀)မျှပင် မရှိသေးကြောင်း ဖော်ပြထားသည့် စာပိုဒ်ဖြင့် ဟေး၏ အပယ်ခံရခိုင်ပြည်အကြောင်းကို ထပ်မံထောက်ခံထားသည်။
“ရခိုင်ဒေသသည် ဗြိတိသျှအလံတော်အောက်တွင် နှစ်ပေါင်း(၅၀)ရှိပြီဖြစ်သည်။ သို့ ရာတွင် သာမန်လမ်းမှာ မိုင်(၅၀)မရှိသေး၊ တစ်နှစ်လျှင် အကောင်ခွန်မှ ပိုရရှိငွေမျာ သိန်း(၂၀)ကျော်ရှိသည်။ နိုင်ငံအနှံ့  မီးရထားလမ်းများဖောက်လုပ်ရမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အစိုးရအတွက် ကြီးမားသော အကျိုးအမြတ် ရရှိမည်ဖြစ်သည်” စသည်ဖြင့် ဟေးသည် (Arakan News) သတင်းစာတွင် ၁၈၇၆-ခု၊ နိုဝင်ဘာ(၄)ရက်နေ့ က ရေးသားဖော်ပြခဲ့သည်။ ယင်းစာသားအတိုင်း ၁၈၇၄-ခုနှစ်က အိန္ဒိယအတွင်းဝန်ထံသို့  ဖော်ပြပါစာကိုပေးပြီး (၁၈)နှစ်အကြာ ၁၈၉၂-ခု၊ မေလတွင်ရေးသည့် အတိတ်ကရခိုင်ပြည်အကြောင်းအရာကို ဖော်ရာမှာ ဖော်ပြပါစာကို ထပ်မံတိုးတက်မှုမရှိသေးကြောင်းကို ဟေးက ထပ်ဆင့်၍ ဖော်ပြထားသည်။
ရခိုင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အကြောင်းများကို အမှာစာသဘောဖြင့် စာအုပ်တွင်ဖော်ပြရာတွင်---
“ရခိုင်သည် ဘုရင်နိုင်ငံအဖြစ် ပြန်လည်ထူထောင်နိုင်တော့မည်မဟုတ်ချေ။ သိသာထင်ရှားသည့် အနေအထားသို့  ပြာပုံမှ ထူထောင်နိုင်ပြီး စစ်တွေဆိပ်ကမ်းသည် အိန္ဒိယနိုင်ငံတွင် အကောင်းဆုံးဆိပ်ကမ်းတစ်ခုနှင့် ကြီးကျယ်သော ရေတပ်စခန်းတစ်ခုဖြစ်လာမည်။ ယင်း၏စွမ်းရည်နှင့် တည်ရှိနေပုံတို့ မှာ ထူးထူးကဲကဲအခြေအနေများကြောင့် အတည်ပြုဖော်ပြရခြင်း ဖြစ်ပေသည်”ဟု ဟေးက ၁၈၉၂-ခု၊ မေလရက်စွဲဖြင့် အပစ်ပယ်ခံ ရခိုင်ပြည်၏ အနာဂတ်ကို ဟေးက မျှော်မှန်းခဲ့သည်။
ဟေး၏ ရည်ရွယ်ချက်
ဟေးသည် ရခိုင်အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် စာအုပ်ကို ၁၈၉၂-တွင် စီစဉ်ရိုက်နှိပ်ထုတ်ဝေသည်။ ယင်းစာအုပ်တွင် သူ၏ရည်ညွှန်းလိုသည့် အကြောင်းအရာနှင့် ပုဂ္ဂိုလ်များကို ရှေ့ဆုံးစာမျက်နှာတွင် ဖော်ပြထားသည်။ သူ၏ရည်ညွှန်းချက်သည် ဖြစ်စေချင်သော ဆန္ဒနှင့် ခံယူချက်များကို အတိုချုံးပြိး ဖော်ပြခြင်းဖြစ်သည်။
ဟေးသည် ရခိုင်တရုတ် မီးရထားလမ်း ဖောက်လုပ်ရေး ကြိုးပမ်းမှုမှာ အမြင့်ဆုံးအဆင့်အထိရောက်အောင် တင်ပြခဲ့သည်။ တိုက်တွန်းလှုံ့ ဆော်ခဲ့သည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များကလည်း ယင်းကိစ္စကို အလေးပေး စဉ်းစားခဲ့သည်။ ယင်းကြောင့် သူ၏ ရည်ညွန်းဖော်ပြရာတွင် အလေးနက်ဆုံးအဆင့်ဖြင့် စဉ်းစားခဲ့ကြသော်လည်း ခွင့်ပြုချက်မရရှိပေဟု ဟေး၏ဆောင်ရွက်ချက်ကို အတိုချုံး၍ မှတ်တမ်းတင်ခဲ့လေသည်။ ပထမကြိုးပမ်းမှုအချိန် ၁၈၇၄-ခု ကာလအတွင်းက တာဝန်ရှိသူမှာ ဝန်ကြီးချုပ်နိုင်ငံခြားရေး တာဝန်ခံအဖြစ်လည်းကောင်း၊ အိန္ဒိယနိုင်ငံ အတွင်းဝန်အဖြစ်ဆောင်ရွက်ခဲ့သူ Marquis of Salisbury K.C ၊ ဒုတိယအကြိမ် ကြိုးပမ်းမှုကာလအတွက် အိန္ဒိယနိုင်ငံအတွင်းဝန် Viscount Cross G.C.B နှင့် အိန္ဒိယ်ဘုရင်ခံချုပ် The Marquis of Lansdowne, G.C.S.L တို့ အားလည်းကောင်း ရည်ညွှန်းထားသည်ကို တွေ့ ရသည်။
ယင်းနှင့်တဆက်တည်းမှာ အရှင်သခင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တိုးတက်မှုနှေးကွေးသော အခြေအနေရှိသည့် ရခိုင်ပြည်သည် အကျိုးစီးပွါးဖြစ်ထွန်း တိုးတက်လာမည်။ အိန္ဒိယနှင့် မြန်မာ-တရုတ်လမ်းမကြီး ဖောက်လုပ်ခြင်းဖြင့် ယင်းဒေသ၏ အစိတ်အပိုင်းဖြစ်သော စစ်တွေမြို့ သည် ကြိးကျယ်သော ဈေးကွက်နှင့် အိန္ဒိယအင်ပါယာ၏ တတိယအကြိးဆုံး ဆိပ်ကမ်းမြို့ တစ်မြို့ ဖြစ်လာပါမည်ဟု မျှော်လင့်ပါသည်ဟု ဟေးက ရည်ညွှန်းဖော်ပြထားသည်။
“ရခိုင်ပြည်ရှိ စစ်တွေမြို့ သည် အရှေ့ဘင်္ဂလားနှင့် မြန်မာနိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးအတွက် ဆိပ်ကမ်းကြိးတစ်ခုဖြစ်သည်ကို အစိုးရကသော်လည်းကောင်း၊ ပြည်သူလူထုကသော်လည်းကောင်း အလေးအနက် သတိပြုခြင်း မရှိသေးပေ။ လွန်ခဲ့သည့် နှစ်(၃၀)ကျော်က ပေးစာများနှင့် ဂျာနယ်များတွင် ဖော်ပြထားသည့် ကျွန်ပ်တို့  စဉ်းစာရန် ထောက်ခံတောင်းဆိုခဲ့သော သိသာထင်ရှားသည့် အချက်အလက်များကို ကျွန်ပ်၏ ဆောင်ရွက်ချက်များ မပြီးဆုံးမီ ပြန်လည်ပုံနှိပ်ထုတ်ဝေခြင်းဖြင့် ထပ်မံပြီး အလေးထား သတိပြုလာစေရန်မှာ ကျွန်ပ၏ ဆန္ဒပင်ဖြစ်ပါသည်။ ယခုအချိန်အထိ ဆိပ်ကမ်းကို အသုံးရှိအောင် မဆောင်ရွက်ကြသေးပါ”ဟု သူ၏ ဆောင်ရွက်ချက်များကို ပုံနှိပ်ထုပ်ဝေခွင့်ပြုရေးအတွက် အိန္ဒိယနိုင်ငံအတွင်းဝန်ရုံးသို့  ၁၈၉၂-ခု၊ မတ်လ ၁၉ ရက်စွဲဖြင့် ပေးပို့ သည့်စာတွင်ဖော်ပြထားသည်။
ယင်းဖော်ပြချက်များမှာ ဟေး၏ဆန္ဒနှင့် ရပ်တည်ချက်များကို ဖော်ညွှန်းထားခြင်းပင် ဖြစ်ပေသည်။
ဟေး၏ ရခိုင်တရုတ် မီးရထားလမ်းဖောက်လုပ်ရေး ကြိုးပမ်းမှုမှာ ကာလရှည်ကြာခဲ့သည်။ ဟေးနှင့်အပြိုင် အိန္ဒိယနိုင်ငံ အာသံမှ မြန်မာပြည်ကို ဖြတ်ပြီး တရုတ်ပြည်အထိ မီးရထားလမ်း ဖောက်လုပ်ရေးကို Captain Sprye ဆိုသူကလည်း အဆိုပြုခဲ့သည်။ အလားတူ မီးရထားလမ်းဖောက်လုပ်ရေးအတွက် အဆိုပြုချက်များလည်း ယင်းအချိန်က ရရှိခဲ့သည်။
ဟေး၏ ကြိုးပမ်းမှုကာလအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးမီးရထားလမ်းဖြစ်သော ရန်ကုန်-ပြည် မီးရထားလမ်းကို ၁၈၇၇-ခုတွင် ဖောက်လုပ်ခဲ့သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းကို ၁၈၈၉-ခုတွင် ဖောက်လုပ်ခဲ့သည်။ ယင်းမီးရထားလမ်းများဖောက်လုပ်ပြီးစီးမှုသည် ဟေး၏ကြီုးပမ်းမှုများကို အဟန့် အတားဖြစ်ခဲ့ဟန်ရှိသည်။ သို့ ရာတွင် သူ၏လုပ်ငန်းများတွင် ယင်းကိစ္စများအားပြဿနာတစ်ရပ်အနေနှင့် ဟေးက အလေးအနက်ပြုပြီး တင်ပြထားသည်ကို မတွေ့ ရပေ။
အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတွင် အခြားမီးရထားလမ်းများ ဖောက်လုပ်ခဲ့ကြသော်လည်း ဟေး၏ အဆိုပြုခဲ့သော ရခိုင်-တရုတ် မီးရထားလမ်းကား အကောင်အထည် မပေါ်ခဲ့ချေ။
မည်သို့ ပင်ဆိုစေကာမူ အုပ်စိုးသူ မျက်နှာဖြူလူမျိုး ဟေး၏ ကြိုးပမ်းချက်ကိုကား မှတ်တမ်းတင်ထားရမည်ဖြစ်သည်။ ယင်းအပြင် ဗြိတိသျှလက်အောက်(၆၆)နှစ်ကျော် ကာလအတွင်း ရခိုင်ပြည်၏ အခြေအနေတစ်စိတ်တစ်ဒေသကို သမိုင်းထင်ဟပ်မှုတစ်ရပ်အနေဖြင့် အလေးထားလေ့လာရမည့် ကိစ္စတစ်ရပ်ပင်ဖြစ်ပါသည်။
မြထွန်းအောင်
ကိုးကားသည့်စာတမ်း
· Arakan past present future, by John Ogilvy Hay.
Willian Blackwood and Sons, Edinburgh and London
1892-May
· “ရခိုင်ပြည်ထုတ်သတင်းစာများ”
မြထွန်းအောင် ၊ ရခိုင်မဂ္ဂဇင်း အမှတ်-၁(၁၉၇၃-ခု)
· “ရခိုင်ရေးရာ စာအုပ်စာတမ်း(မျက်နှာဖုံး)ပြပွဲအညွှန်း”
(ရန်ကုန်)မှ ထုတ်ဝေသည်။

ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ်(၁၇၊ အတွဲ-၁) ၁၉၈၈-ခု၊ ဇွန်လ။ထုတ် ဆောင်းပါးကို ပြန်လည်တင်ပြလိုက်ပါသည်။