Saturday, August 18, 2018

‌မြောက်ဦးခေတ် စေတီပုထိုးတည်ထားဟန်နှင့် အစီအမံ


     မြောက်ဦးခေတ်တွင် တည်ဆောက်ခဲ့ကြသော စေတီပုထိုးတိုသည်ကျောက်ဆစ် လက်ရာများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ရှေးဝေသာလီ လေးမြို့ခေတ်တို့က တည်ဆောက်ထားခြင်းဖြစ်သည်။ ရှေးဝေသာလီ လေးမြို့ခေတ်တို့ကတည်ဆောက်ခဲ့ကြ သော စေတီပုထိုးတို့မှာ အုတ်များကိုမူတည်၍ တည်ဆောက်ခဲ့သောကြောင့် နှစ်အတော် ကြာလာသည့်အခါ ပျက်စီးယိုယွင်းခဲ့ရသည်။
        ယင်းကို အတွေ့အကြုံအရ သင်္ခန်းစာယူ၍ မြောက်ဦးခေတ်သို့ရောက်လာသည့် အခါ၌ မြောက်ဦးဘုရင်တို့သည် စေတီပုထိုးတည်ဆောက်ရာ      ၌ အုတ်ထက် ကျောက်များ ကို ဦးစားပေးသုံးစွဲလာသည်ကို တွေ့ရှိရပေသည်။
        ယနေ့မြင်တွေ့ဖူးမြော်နေကြရသော မြောက်ဦးအနှံစေတီများသည် လွန်ခဲ့သောနှစ် ပေါင်း နှစ်ရာကျော်၊ သုံးရာကျော်လောက်က လက်ရာများဖြစ်ကြသည်။ ဤသို့ ကြံ့ကြံ့ခံ၍ တည်ရှိနေပုံမှာ စေတီပုထိုးများကို ကျောက်ဖြင့်တည်ဆောက်ထားခဲ့၍ ဖြစ်သည်။
        မြောက်ဦးခေတ်က ဘုရင်တို့သည် စေတီပုထိုးတည်ထားရန်အတွက် ကျောက်များ ကို ခရီးဝေးလံသောပင်လယ်ကမ်းခြေတို့မှ သယ်ဆောင်ယူလာ၍ လိုအပ်သလိုထုဆစ်ကာ အင်္ဂတေများဖြင့် ပေါင်းစပ်၍ ဖန်တီးခဲ့ကြသည်။ ကျောက်နံရံများ၌လည်း လှပခန့်ညား အောင် အပြောက်အမွမ်းတန်ဆာတို့ကိုလည်း ထုဆစ်ပုံဖော်ခဲ့ကြသည်။
        ထို့ကြောင့် ကျောက်စာဝန် ဒေါက်တာဖော်ချန်မာက “ခိုင်ခံ့မှု၊ ဗိသုကာလက်ရာပြောင်မြောက်မှုနှင့် အပြောက်အမွှမ်းတန်ဆာဆင်မှုတို့၌ မြောက်ဦးရှိ စေတီပုထိုးတို့သည် ဧရာဝတီကမ်းခြေရှိလက်ရာထက် သာလွန်ကြောင်း” ဖော်ညွှန်းခဲ့လေ သည်။
        မြောက်ဦးခေတ်ရှိ သာသနိကစေတီပုထိုးတည်ဆောက်မှုကို လေ့လာမည်ဆိုလျှင် ဤသို့ဖြင့် အပိုင်းသုံးပိုင်းခွဲ၍ လေ့လာနိုင်သည်-
၁။     မြောက်ဦးခေတ်    (ခရစ် ၁၄၃၀ - ၁၅၃၀)
၂။     ခေတ်လယ်ပိုင်း     (ခရစ် ၁၅၃၁ - ၁၆၃၈)
၃။     နှောင်းခေတ်ပိုင်း   (ခရစ် ၁၆၃၈ - ၁၇၈၅)
        ခေတ်ဦးပိုင်းတွင် တည်ဆောက်ထားခဲ့ကြသော စေတီပုထိုးတို့သည် ထုထည် ကြီးမားမှု မရှိသေးပါ။ ပုံသဏ္ဍာန်မှာ ရခိုင့်ဝေသာလီခေတ်က ထုလုပ်ခဲ့သော စတူပါပုံ၏ အပေါ်ပိုင်းနှင့် ဆင်တူသည်။ သပိတ်မှောက်အထက်၌ ဓာတုဂမ္ဘ(လေးထောင့်ပုံ)ကို ထည့် ထားသည်။ ပုံစံအနေဖြင့် မုတ်ဆိတ်တော်စေတီ၊ အောက်နိဗ္ဗူဇာစေတီ၊ လေးမျက်နှာစေတီတို့ ဖြစ်ကြသည်။ လေးမျက်နှာစေတီသည် ဤအမျိုးအစား၌ ပါဝင်သော်လည်း အောက်ခံပစ္စယာကို ဂူကျောင်းပုံပြုလုပ်ထားသည်။
        ခေတ်လယ်ကာလသည် အဆောက်အအုံကြီးများကို တည်ဆောက်ခြင်းနှင့် စတင် ခဲ့ရသည်။  မြောက်ဦးခေတ်ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်စေသည်။ ဤခေတ် ဗိသုကာ လက်ရာပုံစံသည်  ထုထည်ကြီးမားမှုနှင့် အာရုံခံဝတ်ပြုနိုင်လောက်အောင်သာမက ထုက္ကန်သိမ်၊ အံတော်သိမ်နှင့် ကိုးသောင်းပုထိုးတို့သည် ဤအမျိုးအစား၌ အကျုံးဝင်သည်။
        နောက်ပိုင်းကာလ ဗိသုကာလက်ရာသည် ခေတ်လယ်ဒုတိယပိုင်းလက်ရာအမွေကို ဆက်ခံခြင်းဖြစ်သည်။ ဗိသုကာလက်ရာသည် မြင့်မားတက်ကြွမှုအသွင်ကို ဆောင်လာ သည်။ အပြောက်အမွမ်းတန်ဆာဆင်မှုနည်းပါးသွားခြင်း၊ မုတ်တံကဲများကိုသာအဓိက ထား၍  ဆင်ယင်လာကြသည်။ ထုချွနှ်ဗိသုကာ၌ လုံးပိတ်စေရန်နှင့် ဂူကျောင်းပါစေတီ နှစ်မျိုးစလုံးကိုတွေ့လာရပါသည်။ သကျမာန်အောင်၊ မင်းခေါင်ရွှေဂူ၊ ရတနာ့မန်အောင် တို့သည် လုံးပိတ်စေတီများဖြစ်ကြပြီး ဇိနမာန်အောင်၊ လောကမာန်အောင်စေတီ တို့ သည် ဂူကျောင်းပါစေတီများဖြစ်ကြသည်။
         ဤသို့လျှင် စေတီပုထိုးများကို တည်ဆောက်ကြရာ၌ စေတီပန္နက်ချခြင်း၊ နေ့ကောင်းနေ့မြတ်ရွေးချယ်ခြင်း၊မြေသန့်စင်ခြင်း၊ဌာပနာထည့်သွင်းခြင်း စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့်လုပ်ကိုင်ဆောင်ရွက်ကြရသည်။ ဤသို့ဆောင်ရွက်ရာ၌“သတ္တရူပ ဗိသုကာကျမ်း“သည် ရခိုင်တွင်ထင်ရှားသောကျမ်းတစ်စောင်ဖြစ်သည်။ ဤကျမ်း၌ စေတီ ပုထိုးတည်ထားခြင်းတို့ကိုဖော်ပြထားသည်။
စေတီပုထိုးတည်ရာ၌ အကြွင်းထားပုံ
       စေတီပုထိုးတည်ဆောက်မည့်အလှူရှင်သည် တည်ဆောက်မည့်စေတီပုထိုး၏ အောက်ခြေပတ်လည်အတိုင်းအတာကို(၇)ဖြင့်စားရသည်။ ဆောက်ရန်၊ ရှောင်ရန်တို့ကို အောက်ပါအကြွင်းက ဆိုထားသည်။
၁- ခုကြွင်းလျှင်     =      စေတီအလှူရှင်သေတက်သည်။
၂-ခုကြွင်းလျှင်      =      မင်းစိုးရာဇာတို့ ပါဝင်ကူညီမှုကိုရနိုင်သည်။
၃-ခုကြွင်းလျှင်      =      အလှူရှင်နှင့်ပန်းရံသမားတို့မီးဘေးသင့်တက်သည်။
၎-ခုကြွင်းလျှင်      =      ကြီးစွာသောဥစ္စာစီးပွားလာဘ်တို့ရရှိသည်။
၅-ခုကြွင်းလျှင်      =      အလှူရှင်နှင့် ပန်းရံတို့ ကိုယ်ဆင်းရဲမှု၊ စိတ်ခံစားမှုကြုံရ တတ်သည်။
၆-ခုကြွင်းလျှင်      =      အလှူရှင်နှင့်ပန်းရံတို့ ကိုယ်စိတ်နှစ်ဖြာ စီးပွားဖြစ်တက်သည်။

ဝ-ကြွင်းလျှင်                =      အလှူရှင်နှင့်ပန်းရံတို့သေတက်သည်။

”ထမင်းထောင်၊ ပန်းထောင်”

၁၉၇၉-ခု (၂၉)နှစ်မြောက် ပြည်ထောင်စုနေ့  အခမ်းအနားတွင် ရခိုင်ပြည်နယ် ဒေသပါတီကော်မီတီ နယ်မြေ မြို့ ဟောင်းမြို့ နယ်မှ တင်ဆက်ကပြမည့် ”ထမင်းထောင်၊ ပန်းထောင်” သရုပ်ဖော်ယိမ်းအက စာတမ်း
နိဒါန်း
၁။  ၁၉၆၄ ခုနှစ် ကျင်းပသော ပြည်ထောင်စုနေ့ ၌ တော်လှန်ရေးကောင်စီသည် တိုင်းရင်းသားလူမျိုးများအပေါ် ခံယူချက်နှင့် သဘောထားကို ကျေညာခဲ့ပါသည်။ ယင်းခံယူချက်တွင် တိုင်းရင်းသားတို့  စုပေါင်း၍ ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်ရမည့် တာဝန်နှင့် မိမိတိုင်းရင်းသား လူမျိုးများအတွက်လည်း ဆောင်ရွက်ရမည့် တာဝန်များရှိကြောင်းဖော်ပြထားပါသည်။
၂။  ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီးတို့ ၏ ဘာသာစကား၊ စာပေနှင့် အနုပညာ၊ ယဉ်ကျေးမှုတို့ ကိုလည်း ဖော်ထုတ်ခွင့်ပြုခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီး၍ တဦး၏ အကြောင်းကို တဦးက နားလည်သဘောပေါက်စေရန်နှင့် ပြည်ထောင်စုစည်းလုံးမှုအတွက် ပြည်ထောင်စုနေ့ ကျရောက်တိုင်း တိုင်းရင်းသားတို့ ၏ ရိုးရာယဉ်ကျေးမှု ကပွဲများကို တင်ဆက်ကပြခဲ့ပါသည်။
၃။  ထိုကဲ့သို့  နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့သော ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ်မှ ရခိုင်ယဉ်ကျေးမှုကပွဲများကို ၁၉၆၆-ခုနှစ်ကစပြီး ၁၉၇၅-ခုနှစ်တိုင်အောင် တနှစ်တမျိုးစီ တင်ဆက်ကပြခဲ့ကြပါသည်။ ယခုနှစ်ကျင်းပမည့် (၂၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရခိုင်ပြည်နယ်ရှိ ရခိုင်တိုင်းရင်းသားများကိုယ်စား ရခိုင်ပြည်နယ်ဒေသပါတီကော်မီတီ၏ လမ်းညွှန်မှုကို ခံယူကာ မြို့ ဟောင်းမြို့ နယ်ပါတီယူနစ်မှ တာဝန်ယူလျက် ရခိုင်ရိုးရာယဉ်ကျေးမှုကပွဲကိုတင်ဆက်ရခြင်းဖြစ်သည်။ ရခိုင်ရိုးရာကပွဲများမှာ များသောအားဖြင့် ရာသီအလိုက်ကျင်းပပြုလုပ်သော ၁၂-ရာသီပွဲများကို အခြေခံထားပါသည်။ ယခုနှစ်တင်ဆက်ကပြမည့် ကပွဲမှာလည်း ရခိုင်တိုင်းရင်းသားတို့ ၏ ရိုးရာမပျက် ယနေ့ ထက်တိုင်ကျင့်ပလေ့ရှိသော ရာသီပွဲများအနက် ဝါကျွတ်လတွင်ပြုလုပ်သည့် ထမင်းထောင်၊ ပန်းထောင် ယိမ်းအကဖြစ်ပါသည်။ ကနည်းကဟန်များကို မြို့ ဟောင်းမြို့ ရှိ ရှေးဟောင်းပုထိုးတော်များ၏ နံရံကပ် ရုပ်လုံးရုပ်ကြွများမှယူပြီး ရခိုင်ရိုးရာကကွက်များကို အခြေခံကာ ခေတ်နှင့်အညီ တီထွင်ဖန်တီးထားပါသည်။ ယင်းကြောင့် ရခိုင်ရိုးရာ အကသဘင်ကို ရှုစားခြင်းဖြင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအပေါင်းတို့  ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ စေရန်ဖြစ်ပါသည်။
ထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲ စတင်ခြင်း
၎။    မြတ်စွာဘုရားကိုယ်တော်တိုင် ရခိုင်ပြည်သို့ ကြွရောက်တော်မူသည်မှစပြီး ဗုဒ္ဓသာသနာ ရခိုင်ပြည်၌ ထွန်းကားခဲ့ကြောင်း ရခိုင်ရှေးဟောင်းသမိုင်းများ၌ ဖော်ပြထားပါသည်။ စန္ဒသူရိယမင်းမှ သူရိယကေတုမင်းတိုင်အောင် ဓညဝတီခေတ်တလျှောက်လုံး၌ မဟာမြတ်မုနိဘုရားတွင် ပူဇော်ပွဲအမျိုးမျိုးပြုလုပ်ခဲ့ကြပါသည်။ ထိုပူဇော်ပွဲများအနက် ထမင်းထောင်၊ ပန်းထောင်နှင့် ဆီမီးထောင်ပူဇော်ပွဲများမှာ တခမ်းတနားပါဝင်ကြောင်း “သဗ္ဗဒါနပကာရန”ကျမ်းတွင်ရေးစပ်ဖော်ပြထားသည်မှာ - “ရယ်ပြုံးမေတ္တာ၊ နတ်ကညာတို့ ၊ ဆင်းဝါလှပ၊ အိမယ်လျတို့ ၊ သံမြချောင်းချောင်း၊ မိန်းမစောင်းလည်း၊ သံချောင်းအေးအေး၊ တျာတျာတေးဟု၊ အရေးခြင်းတ၊ တီးမှုတ်ကြ၏။ သံမြထူးလည်၊ မိန်းမစည်လည်း ရိုက်မည်ဖြုန်းဖြုန်း၊ ပြိုးပြိုးပြုံးလျက်၊ သံပြိုင်ခတ်လျက်၊ ခြုန်းခြုန်းဝိုင်ဝိုင်၊ မိုးနတ်အိုင်သို့ ၊ သံပြိုင်ညီညွတ်၊ မိန်းမမြတ်တို့ ၊ တီးမှုတ်ပြုငြား၊ ပတ်ဝိုင်းများလည်း၊ မြည်ငြားမချွတ်၊ တွတ်တွတ်တုံတုံ၊ ပုံပုန့် ပုံဟု၊ ချိန်တုံမင်းလှ၊ ဝှန်ပေါက်ပြ၏။ ရာဇဒေဝီ၊ မဟေသီက၊ မင်းဆီထင်ပေါ်၊ အပျိုတော်နှင့်၊ ရွေဖော်မောင်းမ၊ မိဿခသား၊ ရူပဆန်းကြယ်၊ ရှုစဖွယ်ဖြင့်၊ သက်ရွယ်လွန်ပြီး၊ မိန်းမကြီးတို့ ၊ ထွန်းညှီပြောင်ပြောင်၊ ဆီမီးထောင်နှင့်၊ ပန်းထောင်အမှန်၊ ထီးတံခွန်က မကျန်ပေါက်ပေါက်၊ ရွှီရောင်တောက်သား၊ မွေးမြောက်ကောက်လှိုင်၊ ရွှီပန်းခိုင်ကို၊ ရိုင်ရိုင်ညီညာ၊ လက်စွဲပါ၏” ဟူ၍ဖြစ်ပါသည်။ ယင်းကြောင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်ပူဇော်ပွဲမှာ ဓညဝတီခေတ်ကပင် စတင်ခဲ့ကြောင်း သိမှတ်ရပါသည်။
ခေတ်အဆက်ဆက် ပူဇော်ပွဲကို ပြုလုပ်ခြင်း
၅။    ဝေသာလီခေတ်ကို တည်ထောင်သော ဒြွင်စန္ဒရားမင်းကြီးသည် မဟာမြတ်မုနိဘုရားတွင် အမျိုးမျိုးသောပူဇော်ပွဲနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ထိုမင်း ထုလုပ်စိုက်ထူထားခဲ့သော မဟာမြတ်မုနိဘုရားရှိ နတ်ရုပ်များအနက် ဒုတိယအဆင့် အရှေ့မြောက်ဖက်ရှိ နတ်ရုပ်၏ခြေရင်းတွင် သက္ကဋဘာသာဖြင့် စာတမ်းရေးထိုးခဲ့ပါသည်။ ထိုစာ၏ ဆိုလိုရင်းအဓိပ္ပာယ်မှာ မဟာသူရိယတိုင်းကို အစိုးရတော်မူသော မဟာတိုင်းစန္ဒရားမင်းသည် အလုံးစုံသော ကုသိုလ်ကောင်းမှုနှင့် ပူဇော်ပွဲများကို ပြုလုပ်ခဲ့၏ဟုဖြစ်ပါသည်။ လေးမြို့ ခေတ်နှင့် မြောက်ဦးခေတ်တို့ တွင်လည်း ဤပူဇော်ပွဲကို ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်း ရခိုင်မှတ်တမ်းများအရ သိရှိခဲ့ရပါသည်။
၆။     အထူးသဖြင့် မြောက်ဦးခေတ်၌ ထမင်းထောင်၊ ပန်းထောင် ဆီမီးထောင်ပူဇော်ပွဲကို ဝါကျွတ်လ၌ ကျင်းပခဲ့ကြောင်း စိုင်တင်မြို့ စား စာဆိုတော်ဥက္ကာပျံက ဝါကျွတ်လဖွဲ့ ၌ ဖော်ပြထားသည်မှာ- “သူတော်မိန့် မှတ်၊ လဝါကျွတ်သည်၊ ဆန်းလတ်ခါ၊ လူ့ ရွာပွဲသဘင်၊ ဆီမီးတန်ဆောင်၊ ပန်းထောင်ထီးကြီး ပြင်၍၊ သင်ပုတ်တင်၊ တံမျက်ခတ်၊ အဌင်္ဂီနှင့် ပဉ္စသီကို၊ အညီစောင့်သုံးကပ်လို့ ၊ ဒါဝတ်စွန့် ကြဲလှူ၊ မင်းပွဲသဘင်၊ မြို့ ပြင် တချို့ လူရို့ ၊ သေစာယူ သောက်ပြွန်းပြွန်း၊ ကောင်းမှုလက်ဆောင်၊ ထမင်းထောင်ကို ဝန်း၍၊ အံ့ဘွယ်မှု တေးသံချို၊ လက်ခုတ်ဖြောက်ဖြောက်ခြင်းကောက်၊ သံပြိုင်ဆို၍” ဟု ဆိုထားပါသည်။ ရှေးခေတ်ရေး၊ ရခိုင်သဘာဝ တေးကဗျာများမှာလည်း- “အသူ့ ထမင်းထောင်ထောင်၊ တရွာလုံးမှာ ပပန်းပြောင်၊ ထမင်းထောင်ပန်းထောင်ပေါ်စ၊ အသျှင်ပြည်မှာ ဝါကျွတ်လ….လေ” ဟူ၍၄င်း၊ အမျိုးသမီးများ ထမင်းထောင် ပန်းထောင် တင်ရန်သွားကြဟန်ကို “သကျမဉ္စူ၊ ဆုထူးယူလေ၊ ကောင်းမှုပြုမေ၊ ဆင်းဗုဒ္ဓေကို၊ အညီမေရို့ ၊ ဖူးကပ်မေလေ၊ ပန်းခံယူငင်၊ ခေါင်းထက်တင်၊ ဇီသျှင်ခိုးကေ၊ ဝတ်ပြုရေလေ” ဟု ဖော်ပြထားပါသည်။ ယင်းကြောင့် ထမင်းထောင်၊ ပန်းထောင် ဆီမီးထောင် ပူဇော်ပွဲမှာ ခေတ်အဆက်ဆက် ကျင်းပခဲ့သော ဘုရားပူဇော်ပွဲများတွင် တခန်းတနား ပါဝင်ခဲ့ကြောင်း သိရပါသည်။ ယနေ့ ထက်တိုင် ရခိုင်လူမျိုးတို့ သည် ရိုးရာဓလေ့ယဉ်ကျေးမှုအဖြစ် ဤပူဇော်ပွဲကို ဆက်လက်ကျင်းပလျက် ရှိကြပါသည်။
ကြာပန်းစုံနှင့် ဗောဓိရွက်၊ ညောင်ရွက်တို့ ကို ဆွတ်ခူးရန်သွားခြင်း
၇။    ။ ရှေးအခါက ဤပူဇော်ပွဲအခန်းအနားကို သီတင်းကျွတ်လတွင်သာ ပြုလုပ်ခဲ့သော်လည်း ယခုအခါ၌ သီတင်းကျွတ်လပြည့်အပြင် အခြား ဗုဒ္ဓ၏ နေ့ ထူးနေ့ မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နှင့် ကဆုန်လပြည့်နေ့ များ၌ ကျင်းပပြုလုပ်ကြပါသည်။ ပူဇော်ပွဲကို မပြုလုပ်မီ တရက်အကြိုက လပြည့်နေ့ ပြုလုပ်မည်ဆိုလျှင် အဖိတ်နေ့ က မိမိတို့ ကျေးရွာရပ်ကွက်အလိုက် အမျိုးသမီးကြီးတို့ သည် ထမင်းထောင်လုပ်ရန်အတွက် တအိမ်တက်ဆင်း ပေါ်ဦးပေါ်စ ကောက်သစ်ဆန်များကို ကောက်ခံကြပါသည်။ ရာသီအလိုက်ပေါ်သော သစ်သီးဝလံများကိုလည်း အလှူခံကြပါသည်။ ဝါကျွတ်လတွင်ပွင့်သော ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကြာခေါင်းလောင်းပန်းတို့ မှာ အခြားသော ပန်းများထက် မြင့်မြတ်သည်ဟု အယူရှိသဖြင့် ကြာပန်းမျိုးစုံကို ရနိုင်သရွေ့  ခူးဆွတ်ရပါသည်။ ထမင်းထောင်ပြုလုပ်ရန်အတွက် သစ်ရွက်များထဲတွင် အမြင့်မြတ်ဆုံးဟု အယူရှိသော ဗောဓိရွက်နှင့် ညောင်ရွက်များကို ဆွတ်ခူးကြပါသည်။
ထမင်းထောင်၊ ပန်းထောင် ပြုလုပ်ခြင်း
၈။    ။ ညဦးပိုင်းတွင် ဆွမ်းချက်ရန် သတ်မှတ်ထားသောနေရာသို့  ယောက်ျားများက အလှူခံရရှိသောဆန်များကို ပြောင်းရွေ့ ပေးပါသည်။ အမျိုးသမီးများက ဆန်များကို သန့် စင်ပေးကြပါသည်။ ထိုသို့ ဆောင်ရွက်နေစဉ် တူရိယာဝိုင်းကလည်း တေးသံစုံများဖြင့် ဖြေဖျော်လျက် ရှိနေပါသည်။ ထမင်းချက်ပြီးသောအခါ ဗန်းခံ(ဗျတ်)များတွင် သွန်းလောင်း၊ စုံပုံထားပါသည်။
ထိုထမင်းကို အသင့်ပြုလုပ်ပြီးသော ဗောဓိညောင်ရွက်ကတော့များတွင်ထည့်ကာ ကတော့ပုံ ထမင်းထုချွန်(ထမင်းထောင်)များကို ပြုလုပ်ကြပါသည်။ ထိုကတော့ပုံထမင်းများကို ဆေးရောင်စုံဆိုးပြီး ဗန်းခံ(ဗျတ်)များတွင်ထောင်၍ အရေအတွက် တစ်ထောင်ပြည့်အောင် ထည့်ထားရပါသည်။ ကြာပန်းမျိုးစုံတို့ ကိုလည်း သန့် စင်စွာဆေးကြောပြီး အရေအတွက်တစ်ထောင်ကို ဗန်းခံများ၌ အသင့်ထည့်ထားကြပါသည်။
ဘုရားသို့  ပူဇော်ရန် သွားခြင်း
၉။     ။ လပြည့်ညအာရုဏ်တက် အချိန်တွင် ပူဇော်ပွဲကို ကျင်းပလေ့ရှိပါသည်။ ဘုရားသို့ ပူဇော်ရန်သွားရာတွင် ရှေ့ဆုံးမှကြေးစည်ကို လူငယ်(၂)ယောက်ထမ်း၍ တီးသွားရပါသည်။ ၄င်းနောက်မှ ပန်းကျား(ပန်းတျား)ခေါ် စည်ရှည်ကိုတီး၍ စည်တီးသား(၂)ယောက် လိုက်ရပါသည်။ ၄င်း၏နောက်မှ အဝတ်ဖြူဝတ်၍ ဥပုဒ်သီလယူပြီးသောလူကြီးများလိုက်ရပါသည်။ ရွှေ၊ ငွေ၊ ကြေး တခုခုဖြင့် ကြာမောက်၊ ကြာလံပုံပြုလုပ်ထားသော ပူဇော်ကလပ်၌ ပေါက်ပေါက်ပန်းတို့ ကိုထည့်၍ ရပ်ရွာတွင်ရုပ်ရည်ချောမောလှသည့် မိန်းမပျိုတဦးခေါင်းပေါ်တွင်တင်၍ လိုက်ရပါသည်။ ရခိုင်လူမျိုးတို့ သည် ဘုရားကို ပူဇော်ရာ၌ ပေါက်ပေါက်ပန်းကိုသုံး၍ ဆရာသမားကို ပူဇော်သောအခါ ဆန်ပန်းကိုသုံးလေ့ရှိပါသည်။ ယင်းကြောင့် ခန်းနားသော ဘုရားပူဇော်ပွဲများ၌ ပေါက်ပေါက်ပန်းသည် မပါလျှင်မပြီးသော ပန်းတမျိုးဖြစ်ပါသည်။ ထမင်း၊ ပန်း၊ ဆီမီးများ အသင့်ထည့်ထားသော ဗန်းခံများကို ဦးခေါင်းတွင်တင်၍ထမ်းကာ မိန်းမကြီးငယ်တို့  ပူဇော်ကလပ်နောက်မှ အစဉ်အတိုင်း လိုက်ပါရပါသည်။ တီးဝိုင်းအဖွဲ့ မှာ နောက်ဆုံးမှလိုက်ရပါသည်။ အကအခုန်များမှာလည်း ရခိုင်ရိုးရာအကများဖြစ်သော လူရုပ်ကြီးအက၊ ကိန္နရာဖိုမအက၊ တိုးအက၊ လင်ကောင်ပိုးအက စသည်ဖြင့် ရပ်ရွာအလိုက် ကခုန်၍ လိုက်ပါကြသည်။ ပူဇော်ပွဲပြုလုပ်ရန် သတ်မှတ်ထားသော ဘုရားသို့ ရောက်သောအခါ ပါလာသောထမင်းစေတီငယ်များကို သင်ပုတ်ပလ္လင်၌ တင်ရပါသည်။ ပန်းများကိုလည်း ဘုရားတွင် တင်ပါသည်။ ဆီမီးများကိုလည်း ဘုရားရှေ့ခုံတွင် ထွန်းညှိကြပါသည်။ ထမင်းစေတီငယ် တစ်ထောင်၊ ပန်းတစ်ထောင်၊ ဆီမီး တစ်ထောင် ကပ်လှူပူဇော်ပွဲဟု ခေါ်ပါသည်။ သင်ပုတ်ပလ္လင်တွင်တင်၍ ပူဇော်ရသောကြောင့် သင်ပုတ်ဆွမ်း ဟူ၍လည်း ခေါ်ပါသည်။ တဖြည်းဖြည်း ရွေ့ လျောကာ ယခုကာလတွင် သင်ပုတ်ဆွမ်းကို သင်ဗုန်းဆွမ်းဟု ခေါ်ဝေါ်သုံးစွဲလျက် ရှိကြပါသည်။
၁၀။      ။ ရှေးအခါက ဘုရားပုထိုးများတွင် သင်ပုတ်ဆွမ်းတင်ရန် သင်ပုတ်ပလ္လင်များရှိကြပါသည်။ ၄င်းတို့ မှာ အချို့ ပျက်စီးသွားပြီဖြစ်သော်လည်း မြို့ ဟောင်းမြို့ ရှိ သျှစ်သောင်းဘုရား၊ ဝသဲဘုရားနှင့် မင်းခမောင်းဘုရားများတွင် ယနေ့ တိုင်တွေ့ မြင်ရပါသေးသည်။ ဆီမီးခွက်တထောင် ပူဇော်ရန်အတွက် ပြုလုပ်ထားခဲ့သော ကျောက်ခွက်ငယ်များကို ယနေ့ တိုင် သျှစ်သောင်းဘုရား၏ နံရံပတ်လည်၌ တွေ့ ရပါသေးသည်။
နေ့ လည်ပိုင်းတွင် မာလာပြန် နာယူခြင်း
၁၁။       ။ လပြည့်နေ့  နေ့ လည်ပိုင်းတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ်စသည်တို့ တွင် မိမိတို့ ရပ်ရွာအလိုက် ကြာပန်းတထောင်၊ အောင်မဲညိုပန်းတထောင်၊ လိစ္စဝီပန်းတထောင်စသည်ဖြင့် ပူဇော်၍ ဝေဿန္တရာ မာလာပြန်ကို ဖတ်ကြားနာယူကြပါသည်။ ဤသို့  ထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲကို သီတင်းကျွတ်လတွင် သီတင်းကျွတ်လတွင် ကောက်ဦးကောက်သစ်များပေါ်ချိန်၊ ကြာမျိုးစုံ ဖူးပွင့်ချိန်ဖြစ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ပါသည်။ ထိုကောက်ဦး ကောက်သစ်ထမင်းနှင့် ကြာပန်းများကို အထွဋ်အမြတ်အနေနှင့် မြတ်စွာဘုရားထံ ပူဇော်ကြခြင်း ဖြစ်ပါသည်။ ယင်းသို့  သီတင်းကျွတ်လပြည့်နေ့ တွင် ကောက်သစ်ထမင်းနှင့် ကြာပန်းများကို ပူဇော်၍ မာလာပြန်(မာလာလေးပြန်)ကို နာယူခြင်းဖြင့် ပွင့်လတံ့သော မိတ္တေယျဘုရားရှင်ကို ဖူးမျှော်ရမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ ယင်းကြောင့် ယနေ့ ထက်တိုင် ရခိုင်လူမျိုးတို့ သည် သီတင်းကျွတ်လပြည့်နေ့ တွင် အစဉ်အလာ ကိုးကွယ်ကြသော ဗုဒ္ဓဘာသာကို ကိုင်းညွတ်ခြင်းဖြင့်၎င်း၊ ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းခြင်းဖြင့်၎င်း၊ ထိုပူဇော်ပွဲကို ပြုလုပ်လေ့ ရှိကြပါသည်။
နိဂုံး
၁၂။      ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲသည် ရှေးရခိုင်လူမျိုးများလက်ထက်မှ ယနေ့ တိုင်အောင် စောင့်ထိမ်းလျက်ရှိသော ရခိုင်ရိုးရာဓလေ့ထုံးစံအရ အစဉ်အလာ ကျင်းပသော ပွဲလမ်းသဘင် ဖြစ်ပါသည်။ ဤကဲ့သို့ သော ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများ တိမ်ကောပပျောက်ခြင်း မရှိစေရန် ရည်ရွယ်၍၎င်း၊ ရခိုင်လူမျိုးများ၏ စည်းလုံးညီညာမှု ရှိခဲ့ပုံနှင့် ဘာသာတရားကို မြတ်နိုးပုံတို့ ကို ဖော်ညွှန်း၍လည်းကောင်း၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးများ သွေးစည်းညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှု၊ တဦး၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို အခြား ညီအကိုတိုင်းရင်းသားများက သိရှိနားလည်စေရန် ရည်ရွယ်၍လည်းကောင်း၊ ဤထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲအကကို တင်ဆက်လိုက်ရပါသည်။ သီချင်းနှင့် အဓိပ္ပာယ်တို့ ကို အောက်တွင် ဖော်ပြထားပါသည်။
ထမင်းထောင်၊ ပန်းထောင် သီချင်းနှင့် အဓိပ္ပာယ်
၁။    ။ ပဏာမသာချင်း
အပိုဒ် (၁) စာကိုယ်။    ။ ဓညဝတီ၊ ဌာနီကြငြမ်း၊ ပြည်ရက္ခိုင်လေ၊ စိုင်လာထွန်းလို့ ၊ ဗုဒ္ဓသာသနာ၊ ရောင်ဝါထိန်လင်း၊ အရောင်ရှိန်၊ သူရိန်မင်းသို့ ၊ ပြည်ဓညာလေ၊ ထွန်းပရေ၊ သာယာဧလေ၊ သာစွလေ။
စကားပြေ။    ။ ဓညဝတီဟု နာမည်အားဖြင့် ခေါ်တွင်သော ရက္ခိုင်ပြည်ကြီးသည် အစဉ်အလာအားဖြင့် ထွန်းပြောင်ခဲ့ရာ ဗုဒ္ဓသာသနာမှာလည်း နေမင်း၏ အရှိန်အဝါအလား ယခုထက်တိုင် ထွန်းတောက်လျက် ရှိပေသည်။
အပိုဒ် (၂) စာကိုယ်။     ။ ထွန်းပသာသနာ၊ ပြည်ရက္ခာလေ၊ အရောင်ဖျဖျ၊ အဿဝဏီ၊ ကျီးနန့် မှီလျမ်း၊ ထက်ဝန်းဝဠာ၊ ဆန်းလတ်ခါကေ၊ လဝါလည်းကျွတ်၊ ပြည်ရက္ခိုင်မှာ၊ စိုင်လာထိန်းလတ်၊ နေ့ ထူးမြတ်တွင်၊ ပူဇော်သမှု၊ ထမင်းထောင်၊ ပန်းထောင်ပြုကေ၊ သာယာဧလေ၊ သာစွလေ။
စကားပြေ။       ။ ယင်းသို့  ဗုဒ္ဓသာသနာ ထွန်းပရာ ရခိုင်ပြည်၌ အဿဝဏီ နက္ခက်နှင့် ကျီးတာရာတို့ သည် စန်းနှင့် ယှဉ်တွဲလျက် ထွန်းပေါ်ကြသည့် ထူးမြတ်သော သီတင်းကျွတ်လပြည့်နေ့ တွင် ဆီမီးတထောင်၊ ပန်းတထောင် ပြုလုပ်၍ သင်ဗုန်းဆွမ်းကို လှူဒါန်းပူဇော်ကြသည်မှာ ရခိုင်သူ ရခိုင်သားများ၏ အစဉ်အလာအားဖြင့် အမြတ်တနိုး ထိမ်းသိမ်းလာခဲ့သော ရိုးရာယဉ်ကျေးမှုတခုပင်ဖြစ်ပါသည်။
အပိုဒ် (၃) စာကိုယ်။    ။ ပူဇော်လတ်ခါ၊ ပေါင်းသဟာလေ၊ ဆင်ကာပျော်နွှဲ၊ ထမင်းထောင် ပန်းထောင်ပွဲနန့် ၊ စောင်းညင်းပတ်သာ၊ တီးမှုတ်ကာလေ၊ စည်၊ ခရာ၊ ဗုံ၊ မောင်း၊ ကောင်းမှုသီလံ၊ မြတ်ဓံတရား၊ ပွါးကာများရေ၊ ကောင်းမှုလက်ဆောင်၊ ထမင်းထောင်ကို၊ မြတ်သျှင်ထံပါး၊ ဆွမ်းတင်လားရေ၊ သာယာဧလေ၊ သာစွလေ။
စကားပြေ။       ။ ယင်းသို့ ပူဇော်ရန်အတွက် ရခိုင်သူ ရခိုင်သားများမှာ အပေါင်းအသင်း ရောင်းရင်းများနှင့်အတူ သင်းပုတ်ဆွမ်း (သင်ဗုန်း) ဆွမ်းခေါ် ထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲများ၌ စောင်း၊ ညင်း၊ ပတ်သာ၊ စည်၊ ခရာ၊ ဗုံ၊ မောင်း စသည့် ရခိုင်တူရိယာများကို တိးမှုတ်ပြိး တပျော်တပါး လှည့်လည်စီတန်း၍ ကုသိုလ်တရားပွားများရန်အလို့ ငှာ၊ မြတ်စွာဘုရားထံသို့  ဆွမ်းကပ်လှူဒါန်းရန် အလို့ ငှာ သွားရောက်ကြပါသည်။ ဤသို့ ပြုလုပ်ရသော ဒါနအဟုန်ကြောင့် ပြည်ထောင်စုတဝှန်းလုံးအေးချမ်းသာယာစေရန် ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
၂။   ကကွက် သရုပ်ဖော် တေးသီချင်း
အပိုဒ် (၁) စာကိုယ်။     ။ အမျေလေ ရောက်မလေ၊ မွန်းစောင်နီခြီ ရောက်လတ်တေ၊ ဗောဓိညောင်ရွက် ဆွတ်ကတ်မေ၊ (ဟေ….ဟေ….ဟေ..) အမျေလေ၊ ရောက်မလေ၊ ကြာပဒုမ္မာ ခူးကတ်မေ။
စကားပြေ။  ။ ခင်မင်သော သူငယ်ချင်း ယောက်မတို့ ၊ မွန်းလွဲချိန်ရောက်လုပါပြီ၊ နေခြည်လည်း စောင်းခဲ့ပါပြီ၊ သင်ပုတ်ဆွမ်း ပြုလုပ်ရန် ဗောဓိညောင်ရွက် သွားခူးကြပါစို့ ။ ဟေ့ သူငယ်ချင်း ယောက်မတို့ ၊ ဘုရားပန်းတင်ရန် ပဒုမ္မာ ကြာပန်းများလည်း သွားခူးကြပါစို့ ။
အပိုဒ် (၂) စာကိုယ်။     ။ ပန်း ခံယူင်၊ ခေါင်းထက်တင်၊ ဆွမ်းခံယူင်၊ သင်ပုတ်တင်၊ ဇီသျှင်ခိုးကေ ဝတ်ပြုရေလေ၊ ဝတ်ပြုရေ။
စကားပြေ။    ။ ဗောဓိညောင်ရွက်တို့ ဖြင့် ပြုလုပ်ထားသော ရောင်စုံ သင်ပုတ်ဆွမ်း အချွန်အဖူးကလေးများကို ဗန်းထဲတွင် စီရရီထည့်ကာ ဘုရားသို့ သွားကြပါစို့ ။ ပဒုမ္မာကြာပန်းများကို ဗန်းခံများတွင်ထည့်၍ ယူဆောင်ကာ ဘုရားသျှင်အား ပူဇော်ကြပါမည်။ ယင်းနောက် ရှိခိုးဝတ်ပြုကြပါမည်။
အပိုဒ် (၃) စာကိုယ်။     ။ အမျေလေ၊ ရောက်မလေ၊ သီတင်းဝါလကျွတ်လတ်တေ၊ ဆီမီးတန်ဆောင်၊ ထမင်းထောင်၊ ပန်းထောင် ပြင်ပြု ရွာတော်လုံးမှာ၊ သသောရုလေ။
စကားပြေ။        ။ ခင်မင်သော သူငယ်ချင်းယောက်မတို့ ၊ သီတင်းကျွတ်လ ရောက်ပေပြီ။ အစဉ်အလာအရ ယဉ်ကျေးမှုတရပ်ဖြစ်သော တန်ဆောင်ဆီမီးများ ထွန်းညှိခြင်းနှင့် ထမင်းထောင်၊ ပန်းထောင်များကို လုပ်ကိုင်ကြပါစို့ ။ ယင်းကဲ့သို့  လုပ်ဆောင်နေကြသည်မှာ အိုးစည်ဗုံမောင်းသံများ ခြိမ့်ခြိမ့်သဲလျက် တရွာလုံး အုံးအုံးကျွတ်ကျွတ် ပျော်စရာကောင်းလှပါသည်။
အပိုဒ် (၄) စာကိုယ်။      ။ (အိ…..အို….အို….) x  x  x (အဝေ)၃ ယောက်ဖ ရွာထိပ်ပိုင်းက အို ယောက်ဖ  (အမျေ)၃ ရောက်မ ရွာလည်ပိုင်းက အိုရောက်မ၊ (ယောက်ဖဟာလူ ဆန်ကိုယူ၊ အမျေရောက်မ ဆန်ရွိးခ၊ ရွိးပြီးရေဆန်၊ စုကတ်ပြန်၊ ချက်ပြန် ပြုတ်ပြန် ဘုရားဆွမ်းတင်ဖို့  အမှန်)၂
စကားပြေ။     ။ အို ရွာဦးပိုင်းက ရောင်းရင်းယောက်ဖတို့ ၊ အို ရွာလည်ပိုင်းက သူငယ်ချင်းယောက်မတို့ ၊ ရောင်းရင်းယောက်ဖတို့ က ဆန်ယူခဲ့ကြပါ၊ အစ်မယောက်မတို့ က ဆန်ရွေးကြပါ၊ ဆွမ်းချက်မည့်ဆန်ဖြစ်၍ သန့် စင်အောင် ရွေးကြပါ။ ရွေးပြီးသည့် ဆန်ဖြူဖြူဖွေးဖွေးသန့် သန့် ကို ဆွမ်းတော်တင်ရန်အလို့ ငှာ ချက်ပြုတ်ကြပါစို့ ။
အပိုဒ် (၅) စာကိုယ်။     ။ အသူ့ ထမင်း ထောင်ထောင်၊ ရွာတော်လုံးမှာ ပပန်းပြောင်၊ ထမင်းထောင်၊ ပန်းထောင် ပေါ်စ အသျှင်ပြည်မှာ ဝါကျွတ်လ။
စကားပြေ။       ။ ဆွမ်းချက်ပြီးသောအခါ ထမင်းထောင်များကို လှပသေသပ်အောင် အပြိုင်အဆိုင် ပြုလုပ်ကြပါသည်။ ရွာသူ၊ ရွာသားများသည် သစ်သစ်လွင်လွင် ဝတ်ဆင်လျက် ထမင်းထောင် ပန်းထောင်များကိုလည်း အရောင်မျိုးစုံ ချယ်သထားပါသည်။ ယင်းအချိန်၌ တရွာလုံး တပြောင်ပြောင် တဝင်းဝင်းဖြင့် အလွန်လှပတော့သည်။ ယင်းအချိန်သည် ရခိုင်ပြည်၏ သီတင်းကျွတ်ကာလပင်ဖြစ်ပါသည်။
အပိုဒ် (၆) စာကိုယ်။    ။ (ဒိုးဒိုလက်ကောက်၊ မညင်းပြောက်)၂ အပြောက်သုံးဆယ်၊ ဈီးကဝယ်၊ ဈီးကဝယ်ဆင်လတ်တေ၊ အပျိုအအို ရွာလုံးကျွတ်လေ၊ ရွာလုံးကျွတ်ဆောင် ထမင်းထောင်၊ ရွာတော်လုံးမှာ ဝင်းဝင်းပြောင်။
စကားပြေ။   ။ ထမင်းထောင်၊ ပန်းထောင်ပွဲ ဆင်နွှဲရန် လာကြသော ရွာသူ အပျို၊ အအိုများသည် ဈေးကဝယ်လာသော ရွှေလက်ကောက်များ ဝတ်ဆင်ထားကြပါသည်။ ယင်းလက်ကောက်များတွင် မုံညင်းပြောက်များ ချယ်သထားသဖြင့် အပြောက်အမွမ်းများဖြင့် တလက်လက် တောက်ပနေပါသည်။ တရွာလုံး ဝင်းဝင်းပြောင်ပြေင် နေကြပါသည်။
အပိုဒ် (၇) စာကိုယ်။    ။ ပေါင်းစုညီညာ၊ ပြည်ရွာအဝှမ်း၊ ပျော်ပွဲဆင်နွှဲကာ၊ ထမင်းထောင်၊ ပန်းထောင်ပြုဗျလ်၊ စောင်းညင်းပတ်သာ၊ စည်ခရာ၊ ဗုံမောင်၊ ကောင်းမှုဖြာဖြာ၊ မင်္ဂလာစုံစွာ ကုသိုလ်ဒါန ပြုကတ်တေ။
စကားပြေ။     ။ သင်ပုတ်ဆွမ်းတင်ပွဲကို တရွာလုံး ညီညီညာညာ စုပေါင်းဆင်နွှဲကြသည်မှာ တပျော်တပါးကြီးပင်ဖြစ်ကြပါသည်။ ထမင်းထောင် ပန်းထောင် ဗျတ်များကို ထမ်းသူထမ်း၊ ရွတ်သူရွတ်၊ စည်ခရာ ဗုံမောင်း စသည့် တူရိယာများကို တီးသူတီး မှုတ်သူမှုတ်ဖြင့် အကအခုန်များနှင့် မြတ်စွာဘုရားထံသို့  သွားရောက်ကုသိုလ်ဒါန ပြုလုပ်ကြပါသည်။
အပိုဒ် (၈) စာကိုယ်။     ။ အမျေလေ ရောက်မလေ၊ ပြည်ထောင်စုသွီးချင်း၊ သမီးရို့ လေ၊ (အဝေ)၂ ယောက်ဖလေ၊ ပြည်ထောင်စုသွီးချင်း သားရို့ လေ၊ လာလာလေ၊ လာလတ် (လာလေ)၃ လာလတ် (ပြည်ရွာ)၃ လှပ တိုင်းရင်းသူရို့  တတ်အားသမျှ၊ (ညီညာ)၃ နိုးကြား တိုင်းရင်းသားရို့  စုပေါင်းအား၊ ရိုးရာရခိုင် ယဉ်ကျေးမှုလေ၊ ဖိုးဖီးစိုင်လာ ထိမ်းသိမ်းခရေ၊ ထမင်းထောင်၊ ပန်းထောင်၊ ရွတ်ဆောင်ဒါန၊ ပြည်ရွာ အဝှမ်းကို အကျွန်ရို့  ငှပါရေ။
စကားပြေ။      ။ အို ချစ်လှစွာသော ပြည်ထောင်စုဖွား တိုင်းရင်းသူ၊ တိုင်းရင်းသား အပေါင်းတို့ ၊ အစ်မကြီးတို့ ၊ သူငယ်ချင်း ယောက်မတို့ နှင့် ရောင်းရင်း ယောက်ဖတို့ ၊ အကျွန်တို့  ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တင့်တယ်လှပရေးအတွက် စွမ်းအားရှိသမျှ ညီညီညာညာ ကြိုးစားကြပါစို့ ။ ဖိုးဘေးစဉ်လာ ရှေးအခါကပင် ထိမ်းသိမ်းလာခဲ့သည့် ရခိုင်ရိုးရာယဉ်ကျေးမှုတရပ်ဖြစ်သော ထမင်းထောင် ပန်းထောင်ပူဇော်ပွဲ ဆောင်ရွက်မှုကြောင့် ရအပ်သော ကုသိုလ်ဒါနအဖို့ ကို ပြည်ထောင်စု တဝှမ်းလုံးသို့  ဝေငှခဲ့ပါသည်။ ပြည်ထောင်စုသား အားလုံးသာယာအေးချမ်းကြပါစေကြောင်း ဆုတောင်းလိုက်ပါသည်။
အဝေ = အမျိုးသားများတွင် မိမိထက်ငယ်သော အရွယ်၊ အရွယ်တူအချင်းချင်း ခေါ်ဝေါ်ခြင်း


Tuesday, March 15, 2016

မြောက်ဦးထီးနန်းကို တမ်းတသော ရတု

          ရှေးတီအခါ၊ တိုင်းဓညာ၌၊ ကမ္ဘာညွန့်ဖူး၊ မြို့မြောက်ဦးတွင်၊ စိုးမူသနင်း၊ ရခိုင်မင်းတို့၊ သတင်းညွန့်ျဝေ၊ သပြေအ၀ှန်း၊ လက်ရုံးဆန့်၍၊ မ၀န့်ရန်သူ၊ တိုင်းပြည်သူတို့၊ ရေတူချမ်းမြ၊ နေ့နှင့်ညကို၊ ကက္ကဌမည်၊ ဗဟိုစည်လည်း၊ ဆော်မြည်မစဲ၊ နန်းထဲနန်းပြင်၊ လူရှင်အပေါင်း၊ မြေကြီးစောင်းမျှ၊ သောင်းသောင်းထွက်ဝင်၊ နန်းပွဲဆင်လျက်၊ ဘုရင်ထွတ်ထား၊ နန်းဦးဖျား၌၊ မနားမစဲ၊ ဆွဲလွဲညံ့ညံ့၊ ညောင်ရွက်သံကို၊ ကြားဟံရှိသို့၊ ၀မ်းနဲမိသည်။ ရှေးတီအခါ ဖြစ်သောင်းကြောင့်။

          ဆွေးမိစရာ၊ ယခုမှာကား၊ နန်းမှာမြေဖုံး၊ ဂါရာရုံးနှင့်၊ ကျုံးကားချောင်းဖြစ်၊ ထင်းဆိုက် ပလ္လင်၊ ဘုရင်မြေထိုး၊ မြို့ရိုးအုတ်ပုံ၊ အားလုံးကုန်၍၊ နွယ်ခြုံတောယောက်၊ ကျားသားပေါက်တို့၊ ကြောက်မက်ဘွယ်ပင်၊ မှောင်ကြီးဆင်လျက်၊ မြတ်ရှင်ရုပ်ပွား၊ စေတီများလည်း၊ ကွဲပြားပျက်ပြို၊ ညောင်ကြီးမျို၍၊ ဖရိုဖရဲ၊ စဥ့်ကြဲဖျင်ဖျင်၊ သုဿာန်ပြင်သို့၊ မမြင်ကောင်းဖူး၊ လေဟူးဟူးနှင့်၊ ကြည်နူးဘွယ်ရာ၊ ကျီးငှက်အာလျက်၊ ရှေးခါအတည်၊ မင်းနေပြည်ဟု၊ ပြောလည်းမယုံ၊ ဖြစ်နေပုံ၊ အကုန်တွေးမိ၊ ၀မ်းနဲမိသည်။ ဆွေးမိစရာ                    ဖြစ်သောင်းကြောင့်။


          တွေးမိမသာ၊ ရှေ့အခါက၊ ရာဇာဘုရင်၊ ရွှေနန်းရှင်တို့၊ ဥဂ္ဂင်ဖွင့်လှစ်၊ ဧကရာဇ်ဟု၊ တက်သစ်နေတူ၊ အောင်လံထူလျက်၊ ရန်သူမပေါ်၊ ရွှေအိမ်တော်မှ၊ လှံတော်မလွှတ်၊ ဓါးမချွတ်ဘဲ၊ စိုးကွပ်မင်းလုပ်၊ ထီးဖြူအုပ်လျက်၊ မလှုပ်ပြည်ရွာ၊ ရေနှင့်ကြာသို့၊ ရိပ်ရာစိုးစံ၊ ညီလာခံလျက်၊ နန်းရံစိုးစံ၊ မင်းညီမင်းသား၊ မှူးမတ်များတို့၊ ပျော်ပါးမကုန်၊ နတ်တို့ဘုံသို့၊ အာရုံလိုက်ထင်၊ ယခုလျင်ကား၊ ဘုရင်လည်းပျောက်၊ နန်းရိုးနန်းမွေ၊ မရှိလေခြင်း၊ ရေမြေပိုင်သူ၊ ငါပင်ဟူ၍၊ တဆူထွင်းဖောက်၊ ခုမျက်မှောက်တွင်၊ တယောက်ဘုရင်၊ ဒို့အရှင်ကို ဖူးမြင်လိုဘိ၊ တမ်းတမိသည်၊ တွေးသိမသာ ဖြစ်သောင်းကြောင့်။

Monday, August 27, 2012

ရခိုင်အောင်လံတော် လင်္ကာ


ကြားပိမ့်ဗိုလ်သူ အံ့ချီးမူသော သောင်းယူဇနာ မြေမျက်နှာထက် မြောက်မှအာသံ တောင်ယံသီဟိုဋ် နောက်ကိုလှည့်လည် မရွံ့ ပြည်နှင့် ဦးတည်ပိုင်းခြား ပင်လယ်ဆင်းအောင် စိုးမင်းတကာ ညီညွတ်ရာသည် သာယာရွတ်ဆောင် ရန်တိုင်းအောင်သည့် ဘုန်းခေါင်ဓမ္မရာဇာ ဥက္ကာဟုခ်မျိုး သမုတ်ရိုးလျှင် စံစိုးသောခါ ရက္ခပူရ ဓညမြို့ ကြီး တိုင်းလုံးထီးကို ပြီးစီးခန့် ရှည် ရွှေနန်းတည်၍ အောင်စည်ညံညံ ဘိသိတ်ခံက ကျောက်သံသလင်း သောင်းလုံးချင်းမျှ မြင်းလည်းသိန္ဓဝ နာဂဆဒ္ဒန် ရန်မန်ပယ်လှေ့ ခြင်္သေ့ကေသရီ အောင်နီအောင်ဖြူ ပဉ္စရူကို ကြည်ဖြူနှစ်သက် နတ်တို့ ဆက်က ဘုန်းကြက်သရေ မိုးနှယ်စွေ၏ ရွှေငွေရတနာ ပဒေသာသီး ပြီးစီးစေတတ် နတ်သမတ စောင့်သီလနှင့် ဣန္ဒဝဇီရာ အလင်္ကာရ အစဖြန့် ချီ သီရိဓဇ ချိုမြသာယာ နောက်ပိတ်မှာလည်း မဟာသုဓမ္မ ရာဇာဂုရု ရုံးကာစု၍ မျက်ရှုခပ်နှိပ် ရွှေတံဆိပ်ကို စိတ်စိတ်ကြေနူး ရွှေနန်းဦး၌ ရွှင်မြူးကြည်ဖြူ လှူသော်ဟူက နတ်လူတကာ ကောင်းခြီးငြာလျက် သာယာမြတ်နိုး မေတ္တာဖြိုး၍ ရေမိုဃ်းမှန်စွာ မြေသြဇာလည်း ရသာပြည့်နှက် အောင်ဆုဆက်၍ ရာသက်တည်ကြောင်း မျိုးသစ်လောင်းသည် ရိုက်သျှောင်း ပဲ့တင်ငြိမ့်ငြိမ့်ည်း။ 

Sunday, February 5, 2012

ရခိုင်ရာဇဝင်သစ်ကျမ်း (သတ္တမတွဲ)


ရခိုင်ပြည့်ရှင် မဟာသမ္မတမင်းကို ဖမ်းယူပင့်ဆောင်သွားပြီးနောက် ဒါးပိုင်ကြီးယောက်ဖတော် ကျော်ပုံသည် ရခိုင်ပြည်သူအပေါင်းတို့ နှင့် မြန်မာတို့ ကိုတိုက်မည်ဟု သက္ကရာဇ် (၁၁၄၆)ခု တပေါင်းလတွင် ချီလာသော် မြန်မာမြို့ ဝန် နန္ဒပကျန်က ဆီးခံ၍တိုက်လေလျှင် ရခိုင်တို့  စစ်ပျက်စီး၍ ပြေးကြလေ၏။
ကျိန်းအရပ်၌ အစောင့်နေထားသော မြန်မာတို့ ကို အိမ်ရှေ့မင်းစစ်ကဲရဲဘော်သည် မြန်မာတို့ သည် မြောက်ဦးမြီု့ သို့  ပြေးဝင်ကြလေ၏။ မြို့ ဝန် နန္ဒပကျန်က တပ်မှုးတပ်သားကိုထွက်တိုက်စေလေသော် အိမ်ရှေ့မင်း စစ်ကဲရဲဘော်သည် နှင့် လူအများကို ဖမ်း၍ရလေလျှင် သတ်လျှက်ပစ်လေ၏။

Saturday, November 19, 2011

အလောင်းမင်းတရားကြီး၏ နွယ်တော်စဉ်နှင့် ရခိုင်ရာဇဝင်အဆို


ရခိုင်ပြည်တွင် သိရီသုဓမ္မရာဇာမင်းလက်ထက်တွင် လောင်းကြက်စားအမတ်ငကုသလသည် ဗေဒင်အတတ်၊ အင်းအိုင်၊ မန္တန်အတတ်တို့ ကို အထူးတတ်ကျွမ်းသည်။ ယင်းအမတ်ငကုသလသည် မိဖုရားနတ်ရှင်မယ်နှင့် ချစ်ကြိုက်မိသည်။ မင်းကိုပရိယာယ်ဖြင့်သတ်၍ ထီးနန်းကိုလုယူသိမ်းပိုက်ရန်ကြံရွယ်သည်။ သီရိသုဓမ္မရာဇာမင်းကို ဆင်ဖြူတော်ရောက်ပါလိမ့်မည်။ ဤသို့ လုပ်တော်မူပါဟုလျှောက်ရာ မင်းလည်းယုံကြည်၍ ဆိုတိုင်းလိုက်လုပ်မိ၏။ ပညာရှိငလက်ရုံးက ငကုသလ၏မတော်မတရားပြုလုပ်ပုံများကို တင်လျှောက်ပြီးလျှင် ဆေးဝါးပယောဂ၍ အရှင်မင်းကြီးကိုယ်တော်၌ပင် ရောဂါကပ်ရောက်နေပြီဖြစ်ကြောင်း၊ ဤအတိုင်းဆိုလျှင် ခုနစ်လစေ့သောအခါ၌ပင် နတ်ရွာစံရတော့မည်ဖြစ်ကြောင်း သတိပေးလျှောက်ထားခဲ့သော်လည်း မင်းကြီးယုံတော်မမူချေ။

Tuesday, September 27, 2011

ရခိုင်

”ဧ..ဧလည်း ဧတုံ တစုံမက်မက်၊ ခေါ်ခိုက်ခတ်လျက်၊ ဆက်ဆက်လွလေ၊ အထွေထွေတည့်၊ မရေနိုင်ဘဲ၊ ဝမ်းလျင်ကွဲမျှ၊ သဲထဲပူပန်၊ ဝှန်တုန်ကြက်သီး၊ ဘေးကြီးဘေးလျှင်၊ ပျင်မျှပြည့်လှိုင်၊ အဆိုင်ဆိုင်တည့်၊ ရခိုင်မည်သာ၊ မဟာသမတ၊ ခတ္ထိယ၏ ဆက်မှတသွယ်၊ အနွယ်ကိုပ၊ နေလပုံစင်း၊ ထွန်းပလျှင်းဟု၊ သတင်းစကား၊ နာသာများနှင့်၊ ထံပါးကသော်၊ သားကိုဖျော်၍၊ မယ်တော်ရှင်မ၊ ကျူးပါကလျှင်း”
(ရခိုင်စာဆိုပညာရှင် ဖဒူးမင်းညို)

Monday, September 19, 2011

လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော် ဦးဥတ္တမ

the-Banner-of-Freedom-for-Burma
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဆရာတော် ဦးဥတ္တမ ရုပ်တု (ဓာတ်ပုံ - ottama.multiply.com)


ခုနှစ် ရာသီ သက္ကရာဇ်တို့ကား မရပ်မနား စီးဆင်းနေ၏။ သို့သော် သမိုင်းမှတ်တိုင်များကား ပြောင်းလဲမသွား။ ထို့အတူ သမိုင်းကို ရေးထိုးခဲ့သူများ၏ ဂုဏ်ရောင်များလည်း မှေးမှိန်မသွား။ ရာဇ၀င်တွင်သော သမိုင်းကြောင်းများကလည်း ဟောင်းနွမ်းမသွားဘဲ မျိုးဆက်သစ်များအတွက် အစဉ်သဖြင့် မီးရှူးတန်ဆောင်သဖွယ် လမ်းညွှန်လျက် ရှိချေသည်။

၂၀ ရာစု မြန်မာ့သမိုင်းသည် လွတ်မြောက်ရေးအတွက် လွတ်မြောက်ရေးအတွက်ရုန်းကန်မှု၊ တော်လှန်မှုများဖြင့် ပြည့်နှက်နေ၏။ ခေတ်သမိုင်းကို ပိုင်းဖြတ်ကြည့်သော် ခေတ်တိုင်း ခေတ်တိုင်းတွင် အားလုံး၏ ရှေ့ဆုံးမှထွက်ကာ ဦးဆောင်သူ တဦးကို ထီးထီးမားမား တွေ့ရမြဲပင်။